မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, May 23, 2017

ပံ့ပိုးမှု နည်းပါးသည့် အတွက် မြန်မာရေကူးအဖွဲ့ အောင်မြင်မှုရရန် ခက်ခဲ




ရေကူး အားကစား နည်းမှာ ပံ့ပိုးမှု နည်းပါးတဲ့ အတွက် နိုင်ငံ တကာ ပြိုင်ပွဲတွေမှာ အောင်မြင်မှု ရဖို့ အခက် အခဲ ရှိတယ်လို့ လက်ရွေးစင် ကစားသမား တွေက ပြောပါတယ်။

ရေကူး အားကစား နည်းမှာ အခြေခံ ကျတဲ့ အဆင့်မှီ ရေကူးကန်တွေ ရှိဖို့ လိုပြီး ကစားသမားတွေ အပေါ်မှာလည်း ထောက်ပံ့မှု အားနည်း တာကြောင့် အောင်မြင်မှု ရဖို့ အခက် အခဲ ရှိနေတာပါ။

ရေကူးအားကစားနည်းဟာ ရက်ရှည်လေ့ကျင့်ယူရတဲ့ အားကစား ဖြစ်တာကြောင့် ပြိုင်ပွဲနီးမှ ထောက်ပံ့ပေးတာဟာ လုံလောက်မှုမရှိဘူးလို့ လက်ရွေးစင် ကစားသမားတဦးဖြစ်သူ သီဟအောင်က ပြောပါတယ်။

“ကျနော်တို့ ကစားသမားတွေအတွက်က အထောက်အပံ့ အများကြီးလိုတယ်။ ဥပမာ ရေကူးကန်က အစပေါ့နော်။ ဒီနေ့ဆိုလည်း အမြင်ပါပဲ။ ရေကန်က ကူးသာကူးတယ်၊ အောက်ကို မမြင်ရတာတွေ။ ပြီးတော့ လိန်းကြိုးတွေက မကောင်းတာတွေ။ အဲဒီလိုမျိုးတွေကအစ အစစအရာရာပေါ့။

ပြီးတော့ ကစားသမားဆိုတာက သူတို့က ပြိုင်ပွဲနားနီးမှသာ ကစားသမားကိုပဲ သတိထားမိကြတာ။ သူများနိုင်ငံတွေကျတော့ အဲဒီလိုမဟုတ်ဘူးခင်ဗျ။ နှစ်စဉ် အမြဲတမ်းလိုလို ကစားသမားကို ကျွေးတယ်၊ မွေးတယ်၊ သေချာထားတယ်ခင်ဗျ။ ကျနော်တို့မှာက ဂရုစိုက်ခံရတာဆိုလို့ ပြိုင်ပွဲ ပြိုင်ခါနီး ၂ လလောက်၊ ၃ လလောက်အလိုကျမှပဲ စုရုံးပြီး လုပ်နေရတာ။ ပိုပြီးအောင်မြင်မှုအတွက်ဆိုရင်တော့ ကောင်းကောင်းကျွေးမယ်၊ ကောင်းကောင်းထားမယ်ပေါ့နော်။

ထရိန်နင်တွေ ဘာတွေလည်း သူတို့ကျင့်သလို ကျနော်တို့လည်း ကျင့်နိုင်တယ်။ ဒါပေမယ့် ဥပမာ မီတာ ၅၀၊ ၁၀၀ ကူးမယ်ဆိုရင် သူတို့က မီတာ ၅၀ ကို လက်တချက်နှစ်ချက် ဆွဲတာနဲ့ ကျနော်တို့က လေးချက် ငါးချက်လောက် လိုက်ဆွဲနေရတယ်။ အဓိကကတော့ ကိုယ့်ရဲ့ အား၊ ပါဝါပေါ့။ အဲဒါလေးတော့ အဓိက အများကြီး လိုအပ်ပါတယ်ခင်ဗျ။”

အားကစားသမားတွေကို ပံ့ပိုးမှုနည်းတဲ့အပြင် နိုင်ငံတကာပြိုင်ပွဲတွေမှာလည်း လူအင်အားအနည်းငယ်ပဲ ဝင်ရောက်ယှဉ်ပြိုင်စေတာကြောင့် စိတ်ပိုင်းဆိုင်ရာမှာ အားနည်းချက်တွေ ရှိနေပါတယ်။

“မနိုင်တာထက်စာရင်တော့ လူအဖွဲ့အင်အားနဲ့လည်း ဆိုင်တာပေါ့နော်။ တချို့အဖွဲ့တွေက လာတယ်ဆိုရင် အုပ်စုလိုက်ပေါ့။ အယောက် ၃၀ လာတယ်ပေါ့။

မြန်မာနိုင်ငံမှာကျတော့ လွှတ်ရင် ထိပ်ဆုံး ၂ ယောက်၊ ၃ ယောက်ပဲ လွှတ်တဲ့အတွက် လူအင်အားဘက်မှာလည်း စိတ်ဓာတ်ပိုင်း အရမ်းကို ဆိုင်တယ်ပေါ့။

ရေကူးကန်ထဲ ဝင်လိုက်ပြီဆိုတာနဲ့ အုပ်စုအင်အားနဲ့လည်း စိတ်ဓာတ်ကို အရမ်းအထောက်အကူ ဖြစ်တယ်။ အဲဒီတော့ လူအင်အားလည်း အရမ်းလိုအပ် တယ်ပေါ့။

၂ ယောက်၊ ၃ ယောက်နဲ့ မလွှတ်ဘဲနဲ့ ဆုမရတာထက်စာရင် အတွေ့အကြုံပဲဖြစ်ဖြစ် အကုန်လုံးကို ပြိုင်စေချင်ပါတယ်” လို့ မြန်မာနိုင်ငံ ရေကူးလက်ရွေးစင် ကစားသမား စုမိုးသိမ့်စံက ပြောပါတယ်။

ရေကူးအားကစားဟာ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ရွှေတံဆိပ်အများဆုံးပေးတဲ့ အားကစားနည်း ဖြစ်တာကြောင့် အခုထက် ပိုမိုပံ့ပိုးပေးဖို့အတွက်လည်း တောင်းဆိုထားတယ်လို့ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသက်ဝင်းက ပြောပါတယ်။

“တချိန်က အရှေ့တောင်အာရှမှာ အင်မတန် နာမည်ကြီးခဲ့တဲ့ မြန်မာနိုင်ငံ ရေကူးလောကဟာ လွန်ခဲ့တဲ့ ၁၅ နှစ်၊ အနှစ် ၂၀ လောက်မှာ တော်တော်လေးကို ကျဆင်းသွားပြီးတော့ ဗိုလ်လုပွဲတောင် မတက်နိုင်တဲ့ အခြေအနေ ရောက်ခဲ့ပါတယ်။

အဲဒီအခြေအနေက ပြန်ပြီးပျိုးထောင်လာတာ တိုးတက်လာပါပြီ။ ဒါပေမယ့် နိုင်ငံတကာအဆင့်ကို ကျော်လွှား၊ မီလာနိုင်ဖို့ဆိုတာတော့ ဆက်ပြီးတော့ ဒါ့ထက်ပိုပြီးတော့ အင်နဲ့အားနဲ့ ကြိုးစားဖို့ လိုပါတယ်။ အစိုးရအနေနဲ့လည်း ဒါ့ထက်ပိုပြီး အာရုံစူးစိုက်ပြီးတော့ ကူညီပံ့ပိုးမှုတွေပေးဖို့ လိုပါလိမ့်မယ်။”

မြန်မာရေကူးအားကစားအဖွဲ့ဟာ မလေးရှားဆီးဂိမ်းအကြို ပြင်ဆင်မှုအဖြစ် မေလ ၂၄ ရက်ကစပြီး တရုတ်နိုင်ငံမှာ ၁ လခန့် လေ့ကျင့်ဖို့လည်း စီစဉ်ထားပါတယ်။

လာမယ့်သြဂုတ်လမှာ စတင်မယ့် မလေးရှားဆီးဂိမ်းမှာ ရေကူးအားကစားကနေ ရွှေတံဆိပ် ၆၀ ချီးမြှင့်မှာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ပြိုင်ပွဲအတွေ့အကြုံရဖို့ပဲ မျှော်လင့်ထားပါတယ်။

From : ဒီဗွီဘီ By လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/208158

No comments:

Post a Comment